စာသင်ဖို့ သင်ခန်းစာပြင်နေတုန်း. စာရေးချင်စိတ်ပေါက်လာတာနဲ့
ဘလော့ပေါ်ရောက်လာတာ.. unemployment အကြောင်းသင်ဖို့ပြင်နေရင်းနဲ့ ..အလုပ်ကိုင်အခွင့်အလမ်းရဖို့..ဘယ်လိုဖန်တီးမလဲ
ဆိုတာ စဥ်းစားတော့ ဟိုတစ်လောက မလေးရှားက မြန်မာအိမ်ဖော်တွေ အလိုရှိတဲ့အကြောင်း သတင်း
တစ်ခု ထဲမှာ ဖတ်လိုက်ရတာ သွားသတိရတယ်.. . ငါတို့နိုင်ငံကို အထင်သေးတာလားဆိုပြီး.. အဲဒီတုန်းကတော့
စိတ်ဆိုးလိုက်တာ။ ပြီးတော့ အလုပ်အကိုင်အခွင့်အရေးရဖို့ တစ်ခါလာလည်း
အထည်ချုပ်နဲ့.. တစ်ခါလာလည်း စက်ရုံအလုပ်ရုံနဲ့
၊ ဟိုးတစ်နေ့က စာရေးဆရာမကြီးတစ်ယောက်နဲ့ စကားပြောဖြစ်တာ သွားသတိရတယ်.. အဲဒီဆရာမကြီးက ပြောတာ ထားဝယ်မှာ ဆိပ်ကမ်းလုပ်မယ်..
စက်ရုံလာတည်မယ်ဆိုပြီးပြောကြတော့ ရည်ရွယ်ချက်က အလုပ်ကိုင် အခွင့်အရေးရဖို့တဲ့.. ပညာရေးကို
မမြှင့်ပေးဘဲနဲ့ ရမယ့် အလုပ်အကိုင်က သူများတွေရဲ့ ခိုင်းဖတ်ပဲ ဖြစ်နေမှာပေါ့တဲ့။ အဲဒီစကားကို
ချွင်းချက်မရှိထောက်ခံတယ်။ အဲဒီမှာ ပညာရေး ဆိုတာက အဓိက အရေးကြီးတာဖြစ်သွားပြီ။ အဲဒီတော့
ပညာရေးဆိုတာနဲ့ပတ်သက်ပြီး ဆက်စဉ်းစားမိတယ်။
မြန်မာနိုင်ငံရဲ့ပညာရေးအကြောင်း။ မြန်မာနိုင်ငံရဲ့ ပညာရေးလို့ ပြောလိုက်ရင်
ဘယ်သူမဆို မတိုးတက်ဘူး တို့.စနစ်မကောင်းဘူးတို့ပဲ မြင်ကြမှာပဲ။ ပညာရေးစနစ်မကောင်းဘူးဆိုပြီး
ဘာမှမလုပ်ဘဲ နေတဲ့ လူငယ်တွေ လည်းတွေ့ဖူးပါရဲ့။ ပညာရေးစနစ်မကောင်းဘူးဆိုတာ လက်ခံတယ်။ ဒါပေမယ့် ပညာတတ်မရှိဘူးတို့.. ပညာတတ်လူတန်းစားဆိုရင်
အပြင်ပဲ ထွက်ကြတယ်တို့ ပြောနေတာ တွေတော့ လက်မခံချင်ဘူး။
ငယ်ငယ်ကတည်းက ကျောင်းတွေမှာ ဒါဖြေ၊ ဒါကျက် ဆိုတာပဲ.. ရှိတယ်။ ကလေးတွေကို ဆက်စဉ်းစားဖို့
အခွင့်အရေးမပေးဘူး။ ကျွန်မငယ်ငယ်ကဆိုရင် မြန်မာစာတို့ ၊ အင်္ဂလိပ်စာတို့ ၊ သင်္ချာတို့
သင်ရတာကို နားလည်ပေမယ့် ဘာလို့ ရူပဗေဒတို့ ဓာတုဗေဒတို့ သင်ရလည်း စဉ်းစားမရခဲ့ဘူး။ သမိုင်းသင်ရတာ
က ကိုယ့်သမိုင်းကြောင်းကို နားလည်အောင်၊ ပထ၀ီက ကိုယ့်ကမ္ဘာမြေကြီးအကြောင်း သိအောင်
စသည်ဖြင့် စဉ်းစားလို့ရပေမယ့် ရူပဗေဒတို့၊ ဓာတုဗေဒတို့က ငါတို့ ဘာအတွက် သင်နေရတာလဲ။
ဒါတွေကို သိတော့ ဘာအကျိုးရှိမှာလဲ ဆိုတာကို အဲဒီအချိန်က အသိဥာဏ်နဲ့ စဥ်းစားမရခဲ့ဘူး။
သိချင်ပေမယ့် ဆရာမတွေကိုလည်း မမေးရဲခဲ့ဘူး။ အဲဒီလို ပြန်လှန်မမေးရဲတာတွေ က ယေဘုယျအားဖြင့်
ပညာရေးစနစ်မကောင်းလို့ လို့ပြောလို့ရတယ်။
ဒါပေမယ့် စီးပွားရေးတက္ကသိုလ်ရောက်လာတဲ့အခါ ကျတော့ ကျွန်မတို့ သင်ရတဲ့ ဘာသာရပ်တွေက
ဘယ်လို ပြန်အသုံးချရမယ် ဆိုတာ ကို သင်ပေးတယ်။ ဘယ်လောက်ပဲ သင်ရိုးညွှန်းတမ်းမှာ
Economic development of Myanmar ကို 1988 နောက်ပိုင်းအကောင်းတွေပဲ ရေးထားရေးထား သင်ကြားပေးတဲ့ဆရာမက
ပေါ်လစီနဲ့ အပြင်လက်တွေ့မှာ ဖြစ်တာတွေကို အမှန်မြင် တတ်အောင်ပြောပြ သွားတာ.. အခြားဆရာမ
အများစုဆိုလည်း ဒီလိုပဲ.. သင်ရတဲ့ သီအိုရီတွေနဲ့ လုပ်ငန်းခွင်မှာ ဘယ်လိုကြုံနိုင်တယ်
ဆိုတာတွေကို ပါ သေချာသင်ပေးကြတယ်။ (တစ်ချို့ သီအိုရီတွေကို ပျင်းစရာကောင်းအောင်သင်ပေးတဲ့
ဆရာ၊ဆရာမတွေလည်းကြုံဖူးပါတယ်)။ CPA မှာလည်း ဒီလိုပဲ ..International Accounting
Standard တို့ ဘာတို့ကို ကျွမ်းကျွမ်းကျင်ကျင်နားလည်ကြတဲ့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ကျောင်းသားတွေ
အများကြီးပဲ။ ပြီးတော့ လုပ်ငန်းခွင်ထဲရောက်လာတော့လည်း ကိုယ်နဲ့သက်ဆိုင်ရာ ဘာသာရပ်တွေ
မှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့သူတွေအများကြီးတွေ့ရတာပဲ။
ကျွန်မပြောချင်တာက စနစ်မကောင်းဘူး.. curriculum တွေ နိမ့်နေတယ်ဆိုတာတွေကို လက်ခံပေမယ့်..
စနစ်မကောင်းလို့ ပညာတတ်လူတန်းစားမရှိဘူးဆိုပြီး ထိုင်အော်နေလို့ မရဘူး။ အဆိုးထဲက အကောင်းကို
ရှာတတ်ဖို့လိုတယ်။ ဘာတွေဘယ်လို မကောင်းပေမယ့် တကယ် ပညာတတ်တဲ့ ဆရာတွေရှိတယ်.. သူတို့
သင်ပေးတဲ့ ပညာတွေကို သေချာခံယူမယ်.. ကိုယ်အထူးပြုယူထားတဲ့ ဘာသာရပ်တွေ ကို သေချာ လေ့လာမယ်
ဆိုရင် .. ပညာတတ်မဖြစ်နိုင်စရာမရှိဘူး။ (ပညာတတ်တွေကို နေရာမပေးဘူး ဆိုတဲ့ အကြောင်းအရာတွေကို
ခဏမေ့ထားရအောင်) ..တက္ကသိုလ်တွေမှာတောင် ကျူရှင်ယူရတယ်ဆိုတဲ့ အကြောင်းတွေပြောနေပေမယ့်..
ကျူရှင်မယူဘဲလည်း စာတွေကို တတ်အောင်လုပ်လို့ရတာပဲ.. ကျွန်မဆိုရင် တက္ကသိုလ်တစ်လျှောက်
ကျူရှင်ယူဖို့ဆိုတာ စိတ်ကို မကူးခဲ့ဘူး. ဒါပေမယ့်လည်း အောင်တာပဲ.. credit ထွက်တာပဲ..အဓိကက
စိတ်ဓာတ်ပဲ။
အဲဒီတော့ ကျောင်းသားကျောင်းသူတွေ.. ပညာရပ်တွေကိုလေ့လာနေတဲ့သူတွေဖြစ်ရင် သေချာ
စိတ်ကို နှစ်ပြီးလေးလေးနက်နက်ခံယူမယ်ဆိုရင်.. ဆရာ၊ ဆရာမတွေဖြစ်ခဲ့ရင်လည်း ကိုယ်သင်ရမယ့်
ဘာသာရပ်ကို နှံ့နှံ့စပ်စပ်စဉ်ဆက်မပြတ်လေ့လာစိတ်ဝင်စားအောင် သင်ပေးမယ်ဆိုရင်.. သက်ဆိုင်ရာ
ဘာသာရပ်တွေမှာ ကျွမ်းကျင်တဲ့သူတွေအနေနဲ့လည်း ကိုယ်တတ်ကျွမ်းတဲ့ပညာကို တစ်ပါးသူအတွက်
အသုံးချမယ်ဆိုရင်.. မတိုးတက်စရာအကြောင်းမရှိပါဘူး။ (သင်ရိုးညွှန်းတမ်းတို့.. ပညာရေးစနစ်
တို့ကိုတော့ အစိုးရနဲ့ ကျွမ်းကျင်သူတွေ လုပ်ကြပါစေပေါ့)။ ကိုယ့်အရည်အချင်းကို ကိုယ့်ဘာသာမြှင့်တင်နေမယ်ဆိုရင်
အခြားသူတွေက ကိုယ့်အရည်အချင်းကို အသိအမှတ်ပြု လာကြမှာပဲ။ ဘယ်လိုအခက်အခဲပဲရှိရှိ ရုန်းထွက်နိုင်ဖို့
နည်းလမ်းတွေတော့ရှိမှာပဲလေ။ မြန်မာတွေမညံ့ပါဘူး။
May Zar Maw
No comments:
Post a Comment